Hacking Tech

တူရကီ တယ်လီကွန်း ကုမ္ပဏီ၏ ငွေကြေးဆိုင်ရာအချက်အလက်များကို မြန်မာဟက်ကာများ သိမ်းပိုက်

ပြန်လည်မျှဝေလိုက်ပါ..

ရန်ကုန်၊ စက်တင်ဘာ ၈
မြန်မာနိုင်ငံကို ပစ်မှတ်ထားတိုက်ခိုက်နေသည့် ဆိုက်ဘာတိုက်ပွဲဖြစ်ပွားနေသည့်အခြေအနေတွင် မြန်မာဟက်ကာများက တူရကီ တယ်လီကွန်း ကုမ္ပဏီတစ်ခု၏ ငွေကြေးဆိုင်ရာအချက်အလက်များနှင့် ယင်းတယ်လီကွန်းအသုံးပြုသူများ၏ ဘဏ်စာရင်းအချက်အလက်များကို တိုက်ခိုက်သိမ်းပိုက်ရယူထားနိုင်ပြီ ဖြစ်သည်ဟု မြန်မာဟက်ကာအဖွဲ့ဖြစ်သည့် UGMH အဖွဲ့က The Voice နေ့စဉ်သတင်းစာ၏ ဆက်သွယ်မေးမြန်းမှုကို အတည်ပြု ဖြေကြားခဲ့သည်။
တူရကီ၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ် နှင့် ပါကစ္စတန်နိုင်ငံများမှ မြန်မာနိုင်ငံ၏ Cyber Space ကို ပစ်မှတ်ထားကာ ဆိုက်ဘာစစ်ပွဲကြေငြာထားပြီး မြန်မာဟက်ကာများကလည်း တိုက်ခိုက်လာသည့် နိုင်ငံများ၏ နိုင်ငံပိုင်ဝက်ဘ်ဆိုက်များ နှင့် ၎င်းတို့၏ Cyber Space များကို ဆိုက်ဘာတိုက်ခိုက်မှုများ ဖြင့် တုံ့ပြန်တိုက်ခိုက်နေခြင်းဖြစ်သည်။
မြန်မာဟက်ကာများက ၎င်းတို့ရယူထားသည့် တူရကီ တယ်လီကွန်းကုမ္ပဏီ၏ ငွေကြေးဆိုင်ရာအချက်အလက်များအပါအဝင် အခြားအချက်အလက်များမှ အချို့ကို ၎င်းတို့၏ ဖေ့ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြခဲ့သည်။
ယခုတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး မြန်မာဟက်ကာအဖွဲ့ UGMH အဖွဲ့က ” Cyber War အနေနဲ့ တစ်ဖက်ကအတိအလင်း ကြေငြာထားတယ်။ တကယ်လည်းတိုက်ခိုက်လာတယ်။ ကျွန်တော်တို့ဘက်က ထိရောက်တဲ့ တိုက်စစ်ဆင်မှုကို လုပ်လိုက်တာပါ။ ကျွန်တော်တို့ တိုက်ချင်လွန်းလို့ တိုက်နေတာမဟုတ်ပါဘူး။ သူတို့ဘက်က စပြီး မြန်မာအစိုးရဝက်ဘ်ဆိုက်တွေကို တိုက်ခိုက်လာတဲ့အတွက် လက်တုံ့ပြန်တိုက်ခိုက်တာဖြစ်ပါတယ်။ ” ဟု ပြောဆိုလိုက်သည်။
မြန်မာသတင်းအချက်အလက် ကော်မတီက ဆိုက်ဘာတိုက်ခိုက်မှု ဖြစ်ပွားနေသည့် ကာလအတွင်း နည်းပညာအကူအညီလိုအပ်ပါက mmCERT နှင့် အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟို တို့ထံ အကူအညီတောင်းခံနိုင်သည်ဟု ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံသည် ဆိုက်ဘာတိုက်ပွဲများနှင့် အတွေ့အကြုံမရှိသည့်အခြေအနေမျိုးမဟုတ်ဘဲ ရှေ့တွင်လည်း ဆိုက်ဘာတိုက်ပွဲများကြုံတွေ့ခဲ့ရပြီးဖြစ်သည်။ ယင်းအခြေအနေများတွင် ဆိုက်ဘာလုံခြုံရေးအတွက် နည်းပညာတိုးမြှင့်ဆောင်ရွက်မှုအခြေအနေမှာ အားရဖွယ်မရှိဟုလည်း UGMH အဖွဲ့ဝင် ဟက်ကာများက ပြောဆိုထားသည်။
UGMH အဖွဲ့က ” အရင်အတွေ့အကြုံတွေအရ လက်ရှိအခြေအနေနဲ့ နှိုင်းယှဉ်ရင် ဒေသတွင်းနိုင်ငံတွေက တိုးတက်လာနေတာ ရှိနေပေမယ့် မြန်မာနိုင်ငံကတော့ ဒုံရင်းအတိုင်း လုံခြုံရေးကို ဂရုပြုအလေးထားဆောင်ရွက်တာမျိုး မမြင်ရပါဘူး” ဟုဆိုသည်။

Credit : The Voice

ပြန်လည်မျှဝေလိုက်ပါ..

Leave a Comment