ပရလောက

ချောက်ချောက်ခြားခြား အဝေးပြေးလမ်းမထက်က ည

ပြန်လည်မျှဝေလိုက်ပါ..

ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်လို့ပဲထင်ထင်၊ ကြွားတယ်လို့ပဲဆိုဆို ကျွန်တော်ရည်ရွယ်ထားတဲ့ မိန်းမချောလေးနဲ့ တောင်ကြီးမြို့ကို သွားလည်စဉ်အချိန်တုန်းကပေါ့…။

တောင်ကြီး-အင်းလေး ဘုရားဖူးခရီးစဉ် တူနှစ်ကိုယ်ချစ်ခရီးမှာ သူငယ်ချင်းတွေကလည်း ကန့်လန့်ကန့်လန့်နဲ့ ပါလာသေးတယ်ခင်ဗျ။ ကျွန်တော်တို့လူအုပ်ရဲ့ ဖွဲ့စည်းပုံအင်အားက အမျိုးသမီး(၅) ဦး၊ အမျိုးသား(၅)ဦး စုစုပေါင်း တကျိပ်ဆိုပေမယ့် အကုန်လုံးက သက်တူရွယ်တူ လူငယ်ချစ်သူစုံတွဲတွေဆိုတော့ ကားပေါ်မှာ တယောက်နဲ့တယောက် နောက်လိုက်ပြောင်လိုက် စလိုက်၊ အားမရသေးရင် စုံတွဲတတွဲက တခြားစုံတွဲကို မျက်နှာပြောင်လိုက်နဲ့ အကုန်လုံး တရုန်းရုန်းနဲ့ ပျော်မဆုံးရွှင်မဆုံး ဖြစ်ရတဲ့ခရီးစဉ်လေးပါပဲ။ အုပ်ထိန်းသူမပါပဲ လူငယ်တွေပဲ ထွက်လာတဲ့ ခရီးဆိုတော့လည်း အတော်ဗရမ်းဗတာနိုင်မယ်ဆိုတာ မှန်းကြည့်ရုံနဲ့တင် သိနိုင်ကောင်းပါရဲ့။

ကျွန်တော်တို့စီးလာတဲ့ ကားလေးက ညရဲ့ အမှောင်ထုကို အန်တုရင်းက ရန်ကုန်-မန္တလေး အဝေးပြေးလမ်းမကြီးဆီ ရောက်လာပြီး ခရီးအတော်လေးရောက်လာချိန်မှာ ဖောက်ပါလေရော။ တလမ်းလုံး အပျော်လွန်လာကြတော့ ဘယ်မြို့ဘယ်ရွာတွေရောက်လို့ ရောက်လာမှန်းလည်း တယောက်မှ သေသေချာချာသတိမထားမိကြဘူး။ ကားပျက်လို့ ကားကိုလမ်းဘေးချပြီး ထိုးရပ်လိုက်တဲ့နေရာက သုဿာန်လေးတခုနားမှာ ဆိုတာကိုတောင် ကားပေါ်ကနေ အောက်ကိုဆင်းမှ သိကြရတဲ့အဖြစ်ပါ။

ခွေးလေခွေးလွင့် တအုပ်ကလည်း ကျွန်တော်လူအုပ်ကိုမျက်စိနောက်လို့လား တခြားဘာကိုမြင်လို့လဲတော့ မသိပါဘူး။ ဆွဲဆွဲငင်ငင်နဲ့ အူတဲ့ကောင်တွေက အူ၊ စူးစူးဝါးဝါး ထိုးဟောင်တဲ့ ခွေးကလည်း ဟောင်နဲ့ ကားပျက်လို့ စိတ်ညစ်ရတဲ့ကြားက လူက အသည်းပါ ငယ်ချင်လာတော့တာပါပဲ။ ဟန်ကိုယ့်ဖို့ဆိုတဲ့ စကားအတိုင်း နည်းနည်းတော့ မကြောက်ချင်ယောင်တော့ ဆောင်နေရသေးတာပေါ့။ အတောင်နှစ်ဆယ်ဝတ် ယောက်ျားသားတွေက အရှေ့က ကြောက်လန့်ပြနေရင် အတူပါလာတဲ့ မိန်းခလေးတွေဆို နေစရာတောင် ရှိမှာမဟုတ်တော့ဘူး မဟုတ်လား။ လမ်းမှာ မိန်းခလေးတွေမသိအောင် ကျွန်တော်တို့ ယောက်ျားလေးတွေ တိုးတိုးတိတ်တိတ်နဲ့ ခွက်ပုန်းလေးကစ်ထားတဲ့ အရှိန်ကလည်း နည်းနည်းရှိနေပြန်တော့ ရဲဆေးတင်ပြီးသား ဖြစ်နေလို့ တော်ပါသေးတယ်။

ပါလာတဲ့ စုံတွဲထဲက တကောင်ကတော့ သူ့ချစ်သူရှေ့မှာ ဧရာမဟီးရိုးကြီး လုပ်ပြနေတာများ ဘေးကတွေ့နေရတဲ့ ကျွန်တော့်မှာ ဖနောင့်နဲ့ ပြေးကန်ချင်စိတ်ကို အတော့်ကို ဘရိတ်အုပ်ထားရတယ်။ လမ်းပေါ်မှာ လူသွားလူလာ ကားအသွားအလာလည်း မရှိ၊ ပတ်ဝန်းကျင်တခုလုံးကလည်း ခွေးအူသံ ခွေးဟောင်သံတွေကလွဲပြီး တိတ်ဆိတ်နေတဲ့ကြားထဲ တချက်တချက် လေဝှေ့တိုက်လိုက်ရင် စိမ့်ခနဲအေးသွားတဲ့ အအေးဓါတ်က ည အမှောင်ထုအောက်မှာ အတော့်ကို စိတ်ချောက်ခြားစရာကောင်းမှန်း ဘဝမှာ ပထမဆုံး အတွေ့အကြုံတခုပါပဲ။ ကျွန်တော်တို့ ကားပြင်နေတုန်း အချိန်မှာ ကားပေါ်ကို အရိပ်တခုတက်သွားတယ်မြင်လိုက်တယ်လို့ ကျွန်တော်တို့လူစုထဲက ကောင်မလေးတယောက်က ပြောပါလေရော။ သူပြောတာကို ကြားလိုက်ရတဲ့ ကျွန်တော်ကတော့ အဲ့ကောင်မလေး ဘာကိုဆိုလိုတယ်ဆိုတာကို သူပြောပြောချင်း သဘောပေါက်လိုက်ပါရဲ့။ ဒါပေမယ့် ဖြစ်ချင်တော့ သူပြောတဲ့အချိန်မှာ ကားက ပြင်လို့ပြီးသွားတဲ့အတွက် ခရီးဆက်ရအောင် ကားပေါ်ကို ပြန်တက်ကြချိန်နဲ့ တိုက်ဆိုင်သွားတော့ သူ့စကားကို ဘယ်သူတယောက်မှ အလေးအနက်မထားမိလိုက်ကြဘူး။ ဒီလိုနဲ့ ကျွန်တော်တို့ ခရီးဆက်ခဲ့ကြရောဆိုပါတော့။ ဟို အရိပ်တွေ့ပါတယ်ဆိုတဲ့ ကောင်မလေးကိုလည်း အမြင်မှားတာပဲဖြစ်ပါလိမ့်မယ်လို့ နှစ်သိမ့်လိုက်ပါတယ်။ သူ့ကိုသာ စကားအရ အားပေးနှစ်သိမ့်လိုက်ရတာ။ လမ်းခရီးမှာ ထွက်လာကစတုန်းနဲ့ မတူတော့တာတခုက ကားပေါ်မှာ ပုပ်နံ့လိုလို၊ ညှီစို့စို့အနံ့လိုလို အနံ့တခုရလာတယ်။ မရိုမသေစကားဗျာ ကန်တော့ပါရဲ့ ရိုင်းသွားရင်လည်း ခွင့်လွှတ်ပါ။ တချို့အမျိုးသမီးတွေ ခရီးတွေဘာတွေသွားရင်းနဲ့ မီးယပ်ပေါ်တဲ့အခါမျိုးမှာ သူတို့သုံးနေကျ တောင်ပံပါရင်မင်းဆီကိုလေး မရှိရင် အနံ့အသက်မကောင်းတတ်မှန်း ကျွန်တော် ကြားဖူးနားဝရှိပါတယ်။ ကားပေါ်မှာ အမျိုးသမီးငါးယောက်တောင် ပါလာလေတော့ အဲ့ဒါများဖြစ်နေလိမ့်မလားလို့ ကျွန်တော် တွေးမိပါသေးတယ်။ ဒါပေမယ့် ကျွန်တော့်အထင် မမှန်ကန်ကြောင်းကို နောက်ထပ် အကြောင်းအရာတခုက သက်သေပြလာပြန်ပါတယ်။

ကျွန်တော့်ဘေးနားမှာ တယောက်ယောက် ဝင်ထိုင်နေသလိုမျိုး ကျွန်တော့်ဘေးက ဆိုဖာကူရှင်က အိကျသွားတယ်။ ကျွန်တော့်ရဲ့ မသိစိတ်တခုခုက နှိုးဆော်နေသလိုမျိုး ခံစားလာရတယ်ဗျာ။

ကျွန်တော့်ကိုယ်မှာ ကြက်သီးတွေ တဖြန်းဖြန်းထလာတယ်။ ကျွန်တော်တို့ ကားပေါ်မှာ ကျွန်တော်နဲ့ ကျွန်တော့် ကောင်မလေးနဲ့က ရှေ့ခန်းမှာ ထိုင်လာကြတာ။ ကားရှေ့ခေါင်းခန်းမှာ ကျွန်တော်တို့စုံတွဲရယ် ကားမောင်းတဲ့ကောင်ရယ်ဆိုတော့ သုံးယောက်ပေါ့။ ကျန်တဲ့လူတွေက အကုန်လုံး နောက်ခန်းမှာစီးလာကြတာ။ နောက်ခန်းကို လှည့်ကြည့်လိုက်တော့ တချို့တွေလည်း တိုက်ပွဲကျနေတဲ့လူက ကျနေပြီ။ ကြောက်စိတ်မပေါ်အောင်လို့ ရီစရာဟာသတွေ လျှောက်ပြောနေရင်းကကို ကျွန်တော်ပြောတဲ့ အနံ့ဆိုးကြီးကနှာခေါင်းဝမှာ ပိုပိုပြီးနံလာသလိုပဲဗျာ။ ကျွန်တော်လည်း ဘာရယ်မဟုတ်ပဲ နောက်ကြည့်မှန်ကို ကြည့်မိလိုက်တဲ့ခဏမှာ ခေါင်းက ဆံပင်တွေ ထောင်ထွက်ကုန်တာများဗျာ။ ခေါင်းပေါ်ကို ဂျယ်တဘူးလုံးသွန်ချထားသလိုကို ဖြစ်သွားတော့တာ အဟုတ်။

ကျွန်တော့်မြင်ကွင်းထဲမှာ အဲ့ဒီအချိန်တုန်းက မြင်ခဲ့ရတဲ့ ပုံသဏ္ဍာန်ကို ဒီနေ့အထိ မျက်လုံးထဲက မထွက်ဘူး။ ဘဝမှာ အဲ့လောက် သောက်ရုပ်ဆိုးတဲ့ ပုံစံမျိုးလည်း တခါမှ မမြင်မတွေ့ခဲ့ပါဘူးဗျာ။ အမ်ိဳးသမီးတေယာက္ရဲ့ ကိုယ္အဂါၤအခ်ိဳးအဆစ္မ်ိဳးပါပဲ။ ကျွန်တော့်စိတ်ထင်တာတော့ အဲ့ဒါ မိန်းမတယောက်ဆိုတာ အသေအချာပါပဲ။ မျက်နှာပေါ်မှာ ဓါးနဲ့မွှန်းခံထားရသလိုမျိုး ဒဏ်ရာတွေနဲ့ဆိုတော့ ရုပ်ရည်ကို ဘယ်လိုမှ မခန့်မှန်းနိုင်ဘူး။ နောက်ပြီးတော့ အသားဖတ်ကြီးက ကွာကျနေတာ တော်တော့်ကို ရွံစရာကောင်းတယ်။ အခု စာရေးနေရင်းနဲ့တောင် ပြန်မြင်ယောင်လာပြီး အန်ချင်စိတ်ပေါ်လာမိတယ်။ ကျွန်တော့်စိတ်ကို အတတ်နိုင်ဆုံးစုစည်းပြီး ဘေးနားက ကားမောင်းနေတဲ့ သူငယ်ချင်းကို လှမ်းပြောဖို့ ကြိုးစားကြည့်သေးပေမယ့် ကျွန်တော့်အာခေါင်တွေ ခြောက်ကပ်ပြီး အသံထွက်မလာနိုင်တော့ဘူး။ ကျွန်တော့်တကိုယ်လုံးမှာ ချွေးစေးတွေ ပျံနေပြီ။ စကားပြောဖို့လည်း အသံကမထွက်လေတော့ ကျွန်တော့်စိတ်ကို အာရုံပြောင်းပစ်နိုင်ဖို့အတွက် တုန်နေတဲ့ လက်တွေနဲ့ ကားကက်ဆက်ဆီကို လက်လှမ်းပြီး သီချင်းတွေ အကျယ်ကြီးဖွင့်လိုက်မိတယ်။ ကျွန်တော့်ကြောက်စိတ်ကို နည်းနည်းထိန်းချုပ်လာနိုင်ပြီး အကြောက်ပြေချိန်ရောက်တော့မှ ကားမောင်းနေတဲ့ သူငယ်ချင်းကို အနီးဆုံး ဘုန်းတော်ကြီးကျောင်းကို မောင်းပို့ဖို့ ပြောရတော့တယ်။ ကျွန်တော့်ရဲ့ မူပျက်နေတဲ့ပုံစံကို ကြည့်ပြီး ကားမောင်းတဲ့ကောင်လည်း သဘောပေါက်သွားလို့ တော်ပါသေးတယ်။ ဘာမှ မပြော၊ဘာမှ အမေးအမြန်းမရှိပဲ ဘုန်းကြီးကျောင်းကို တန်းမောင်းတော့တာ။

နောက်ခန်းမှာ တိုက်ပွဲကျလာတဲ့ သတ္တဝါတွေလည်း ဘုန်းကြီးကျောင်းရောက်မှပဲ နိုးလာကြတယ်။ ဘုန်းကြီးကျောင်းဝင်းထဲရောက်တော့ ဆရာတော်တပါးနဲ့တွေ့တယ်။ ဆရာတော်ကို ကျောင်းထိုင်ဘုန်းဘုန်းကို နှိုးပေးပါဘုရားဆိုပြီး လျှောက်တော့ ဆရာတော်က ကျိန်းနေပြီ(လူလိုဆိုရင် အိပ်နေတာကို ပြောတာ၊ ကျိန်းနေပြီဆိုတာ ဘုန်းကြီးလန်းဂွေ့)ဒကာတို့..တဲ့။ ကျွန်တော်တို့လည်း အကျိုးအကြောင်းသေချာရှင်းပြပြီး တောင်းပန်တော့မှ ကျိန်းနေတဲ့ ကျောင်းထိုင်ဆရာတော်ကြီးကို သွားနှိုးပေးတယ်။ ကျောင်းထိုင်ဆရာတော်ကြီး ရောက်လာတော့ ဆရာတော်ကြီးက ပရိတ်တွေရွတ်၊ မေတ္တာပို့၊ အမျှအတမ်းပေးဝေတာတွေ လုပ်ပေးတယ်။ ပြီးတော့ ဆရာတော်ကြီးက တခွန်းတည်း မိန့်တယ်။ ” ဆင်းသွားပါပြီ။ မရှိတော့ပါဘူး ..ဒကာတို့ ” တဲ့။ ဆရာတော်ကြီး ဒီလောက်မိန့်နေတာတောင်မှ ကျွန်တော်တို့မှာ အကြောက်က တော်တော်နဲ့ မပျယ်နိုင်ကြဘူး။ ပရိတ်ချည်တွေ၊ ပရိတ်ရေတွေ ဆရာတော်ကြီးဆီကနေ တောင်းကြပြီး ဆရာတော်ကြီးကို ဦးချကန်တော့ပြီးမှပဲ ကျွန်တော်တို့လည်း ခရီးကို ဖြောင့်ဖြောင့်တန်းတန်း ဆက်နိုင်ခဲ့ပါတော့တယ်။ ကျွန်တော်တို့ လူတသိုက်အတွက် ခြောက်ခြားထိတ်လန့်စရာအဖြစ်အပျက်တွေက ဘုရားဖူးခရီးစဉ်နဲ့ အတူ ပျောက်ကွယ်သွားမယ်ဆိုတာကိုတော့ ထည့်ရေးစရာမလိုလောက်အောင် စာဖတ်သူများ ခန့်မှန်းနားလည်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

အပြန်ခရီးမှာတော့ ကားလည်းမပျက်တော့သလို၊ နောက်ထပ်လည်း ဘာမှ မတွေ့ကြုံရတော့ကြောင်းနှင့် နောက်နောင်လည်း မတွေ့မဆုံမကြုံမမြင်ရပါလို၏ လို့ ဆုတောင်းလိုက်ပါတယ်။ သူငယ်ချင်းတို့လည်းခရီးထွက်ရင် ကိုယ်ယုံကြည်ရာဘာသာတရားကိုတော့ မမေ့မလျော့ကြနဲ့နော်။ အထူးသဖြင့်တော့ ညအချိန်မတော် ခရီးသွားတဲ့အခါမျိုးမှာပေါ့…။

ဖိုးသူတော် (www.phothutaw.com)
Credit: myanmarghoststory

ပြန်လည်မျှဝေလိုက်ပါ..

Leave a Comment