News Sports

ငွေကြေးနဲ့မိန်းမကိစတွေ္စကို စိတ်ကုန်လို့ ဆိုပြီး ဘုန်းကြီးဝတ်သွားတဲ့ မန်ယူကစားသမားဟောင်း

ပြန်လည်မျှဝေလိုက်ပါ..

မန်ယူအသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ Philip Mulryne ကတော့ ငွေကြေးနဲ့ မိန်းမကိစ္စတွေကို စိတ်ကုန်လို့ ရိုမန်ကက်သလစ်ဘုန်းတော်ကြီးဘ၀ကို ခံယူလိုက်ပြီလို့ သိရပါတယ်။ RC လို့ ခေါ်တဲ့ ရိုမန်ကက်သလစ်ဘာသာဝင်တွေဟာ ရှေးရိုးစွဲခရစ်ယာန်ဘာသာဝင်တွေဖြစ်ကြပြီး၊ ဘုန်းတော်ကြီးတွေကလည်း မိန်းမကိစ္စကို အထူးရှောင်ကြဉ်ရတယ်လို့ သိရပါတယ်။

အခုလည်း Philip ဟာ ငွေကြေးနဲ့ မိန်းမကိစ္စတွေနဲ့ သံသရာလည်နေရတဲ့ လူ့ဘ၀ကို စိတ်ကုန်နေပြီလို့ တရားဝင် ၀န်ခံပြီးနောက် အခုလို Priest လို့ခေါ်တဲ့ ခရစ်ယာန်ဘုန်းတော်ကြီးဘ၀ကို ခံယူခဲ့တာ ဖြစ်ပါတယ်။ တကယ်တော့ Philip ဟာ ယခင်ကလည်း ယခုလိုပဉ္ဇင်းတက်ဖူုးသေးပြီး၊ ဇူလိုင်လမှာ အပြီးဘုန်းတော်ကြီး ပြန်ဖြစ်သွားတာပါ။

အသက် (၃၉)နှစ်အရွယ် Philip ဟာ ဘောလုံးကစားသမားဘ၀တုန်းက တစ်နှစ်လျှင် ပေါင် (၆)သိန်း ပျမ်းမျှဝင်ငွေရှိခဲ့သူဖြစ်ပြီး၊ လူချမ်းသာတစ်ယောက်အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ အခုအခါမှာတော့ သူဟာ ငွေသာလျှင်အဓိက၊ နိုက်ကလပ်တက်ရဖို့ ကားအကောင်းစီးရဖို့၊ မိန်းမ လှလှလေးနဲ့ တွဲရဖို့ဆိုတဲ့ ပုံသေနည်းကျ လူမှုဘဝကို စိတ်ကုန်နေပြီလို့ ၀န်ခံခဲ့ပါတယ်။

Philip က ” အသက် (၂၀)၀န်းကျင်လောက်တုန်းကတော့ ဂိမ်းတွေ ပြိုင်ပွဲတွေဆို ရေကုန်ရေခမ်းပဲ … ပိုက်ဆံတွေလည်း ရပါရဲ့ .. ပျော်စရာတွေလည်း ကြုံခဲ့ပါရဲ့ .. ဒါပေမယ့် ပြီးတော့လည်း ပြီးသွားတာပါ … ဒါတွေက ကြာရှည်မခံခဲ့ပါဘူး … ကျနော် အကျင့်က တစ်နှစ်တည်းမှာ ကားသုံးစီးလေးစီး ရောင်းလိုက်ဝယ်လိုက်နဲ့ လုံးချာလည်နေတယ် .. ကျနော်က အသစ်အသစ်ဆို သိပ်ချစ်တာကိုး “လို့ ဆိုပါတယ်။

သူက ဆက်လက်ပြီး ” အသက်ကလေးရလာတော့ စဉ်းစားမိတယ် … ဒါတွေ ဘာလို့ လုပ်နေရတာလဲ ဒီလောဘက ဘယ်တော့ ဆုံးမှာလဲ … အဖြေက ရှင်းရှင်းလေးပါဘဲ .. ဘာမှမရှိရင် ဘာမှမလိုချင်ဘူးဆိုတာ ဒီနည်းလမ်းကသာ ဘ၀ရဲ့ ပျော်စရာကောင်းတဲ့ နည်းလမ်းဖြစ်မယ်လို့ ယုံကြည်ပါတယ်  “လို့ ပြောခဲ့ပါတယ်။

Philip ဟာ မန်ယူအသင်းမှာ လူငယ်ကစားသမားဘ၀ စတင်ခဲ့ပြီး 1996-99 ခုနှစ်အထိ ကစားခဲ့ပါတယ်။ အသင်းကြီးအတွက် တစ်ပွဲသာ ပွဲထွက်ခွင့်ရခဲ့ပြီး၊ 1999-05 ခုနှစ်အတွင်း နောဝှစ်ခ်ျအသင်းအတွက် ကစားပေးခဲ့ပါတယ်။ ယင်းနောက် 2005-07 အထိ ကာဒစ်ဖ်အသင်းအတွက် ကစားခဲ့ပါတယ်။

2007 ခုနှစ်မှာ လေတန်အိုးဒီးယန့်၊ 2008 မှာ ကင်းစ်လင်းအသင်းတွေမှာ ကစားခဲ့ကာ ပွဲပေါင်း (၂၀၀)နီးပါး ကစားခဲ့ပြီး (၁၈)ဂိုး သွင်းယူနိုင်ခဲ့တဲ့ အိုင်ယာလန်သားတစ်ယောက်ပါ။ သူဟာ မြောက်အိုင်ယာလန်အသင်းကြီးအတွက်လည်း လက်ရွေးစင်ပွဲပေါင်း (၂၇)ပွဲကစားကာ (၃)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

(စကားချပ်- Philip မှာ ဇနီးရှိတယ်လို့ သတင်းမှာ ဖော်ပြမထားပါ-လူပျိုကြီးဖြစ်ပုံရပါတယ်။ ကစားသမားဘ၀တုန်းကတော့ မော်ဒယ် Nicola Chapman နဲ့ နှစ်ကာလ တော်တော်ကြာအောင် တွဲခုတ်ခဲ့သေးပြီး ယင်းနောက် အခြားတစ်ယောက်ယောက်နဲ့ တရားဝင်တွဲတာမျိုး မကြားရတော့ပါ။)

နတ်စည်တော် (Shwemmom)

ပြန်လည်မျှဝေလိုက်ပါ..

Leave a Comment