Knowledge

ကမ္ဘာတဝှမ်းမှာကျင်းပလေ့ရှိတဲ့ အံ့ဖွယ်မင်္ဂလာထုံးတမ်းဓလေ့များ

ပြန်လည်မျှဝေလိုက်ပါ..

လူပျိုနောက်ဆုံးညအထိမ်းအမှတ်ပါတီ၊သတို့သမီးကပန်းစည်းပစ်ပေးခြင်း အစရှိတာတွေကတော့ မင်္ဂလာပွဲတွေကြား လူသိများရေပန်းစားတဲ့ဓလေ့ဖြစ်ပါတယ်။ဒီတစ်ခါမှာတော့ သင်မသိသေးလောက်တဲ့ အချို့နိုင်ငံဒေသတွေရဲ့ ဆန်းကြယ်တဲ့မင်္ဂလာဆောင်ထုံးတမ်းဓလေ့တွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။    ။

1.သစ်တုံးဖြတ်ခြင်း

ဂျာမန်မင်္ဂလာထုံးတမ်းဓလေ့ဟောင်းအရတော့ ကြင်စဦးဇနီးမောင်နှံဟာ လွှလက်ကိုင်ကိုတစ်ဖက်တစ်ချက်စီကိုင်ပြီး သစ်တုံးအတူဖြတ်ရပါတယ်။ဒီအပြုအမူကတော့ အရာရာကိုအတူတကွလုပ်ဆောင်ဖို့အပြင် မင်္ဂလာသက်တမ်းတလျှောက် ကြုံလာတဲ့အခက်အခဲတွေကို အတူတကွဖြတ်ကျော်ရင်ဆိုင်နိုင်ဖို့ရည်ရွယ်လုပ်ဆောင်တဲ့ အလေ့ဖြစ်ပါတယ်။

2.ကလေး2ယောက်

Sudanမှာရှိတဲ့ Nuerလူမျိုးစုတွေရဲ့ဓလေ့အရ သတို့သားလောင်းတွေဟာ သူတို့နှစ်သက်သဘောကျတဲ့အမျိုးသမီးတွေကို သတ်မှတ်ထားတဲ့ ကျွဲ၊နွား၊တိရစ္ဆာန်ကောင်ရေအလိုက် တင်တောင်းရင်း ပိုင်ဆိုင်နိုင်ပါတယ်။သတို့သမီးအနေနဲ့ ကလေးနှစ်ယောက်မွေးနိုင်ချိန်မှ လက်ထပ်ခြင်းအထမြောက်တာဖြစ်ပြီး ကလေးတစ်ယောက်သာမွေးနိုင်ခဲ့ရင် သတို့သားမှကွာရှင်းခွင့်တောင်းနိုင်ပါတယ်။

3.ပြန်ပေးဆွဲခြင်း

ရိုမေးနီးယားနဲ့အချို့ဥရောပနိုင်ငံတွေမှာ ကျင်းပလေ့ရှိတဲ့ဓလေ့အရ မင်္ဂလာပွဲမတိုင်ခင် သတို့သမီးကိုဖမ်းဆီးထောင်ချောက်ဆင်ပြီး သတို့သားထံမှ သူတို့အလိုရှိသလောက်ငွေကြေးပမာဏထုတ်ပေးရင်း သတို့သမီးလောင်းကို ပြန်လည်ကယ်တင်ရပါတယ်။

4.ဖန်ခွဲခြင်း

ဂျူးလူမျိုးတွေရဲ့မင်္ဂလာထုံးတမ်းအရ မင်္ဂလာပွဲအဆုံးသတ်ပြီးခါနီးလေးမှာ မင်္ဂလာမောင်နှံကနေပြီးတော့ အဝတ်အိတ်ထဲမှာထည့်ထားတဲ့ ဖန်ထည်ကွဲအက်သွားအောင် အတူတကွမတ်တတ်ရပ်နင်းချေရပါတယ်။
ဒီလုပ်ရပ်ဓလေ့လေးကတော့ အဓိပ္ပာယ်များစွာကိုဖော်ဆောင်နေပြီး တစ်ခုကတော့ လက်ထပ်ထိမ်းမြားခြင်းခရီးစဉ်မှာ ဝမ်းနည်းမှုတွေရှိနိုင်သလို ပျော်ရွှင်မှုတွေလည်း ရှိနေနိုင်ပါတယ်။ဒါပေမယ့် လဲပြိုသွားခြင်းမရှိပဲ ဘယ်အခြေအနေမျိုးမှာမဆို တစ်ယောက်အတွက်တစ်ယောက်ရပ်တည်ပေးဖို့ ရည်ရွယ်ဖော်ဆောင်နေတာဖြစ်ပါတယ်။

5.ငိုကြွေးခြင်း

တရုတ်ပြည်က Tujiaမျိုးနွယ်စုတွေရဲ့ဓလေ့အရတော့ သတို့သမီးတွေဟာ သူတို့ရဲ့မင်္ဂလာပွဲမတိုင်ခင်တစ်လအလိုကတည်းကနေ မင်္ဂလာပွဲကျင်းပချိန်အတောအတွင်းထိ တစ်နေ့ကိုတစ်နာရီ ပုံမှန်ငိုကြွေးရပါတယ်။ပထမ10ရက်အတွင်း သတို့သမီးစငိုကြွေးတယ်၊နောက်10ရက် သတို့သမီးမိခင်ပါ ဝင်ရောက်ငိုကြွေး၊နောက်10ရက် အဖွားကပါဝင်ရောက်ငိုကြွေးပြီး နောက်ဆုံး မိသားစုတွင်းက မိန်းကလေး၊အမျိုးသမီးတွေအားလုံး သတို့သမီးလောင်းဘေးမှာ စီတန်းကာ အတူတကွ တစ်လတိတိ ငိုပွဲဆင်ကြပါတယ်။ဒီလိုငိုပွဲဆင်တာဟာ မင်္ဂလာပွဲကြောင့် ပျော်ရွှင်ရင်ခုန်နေခြင်းကို ပုံဖော်နေတာလို့သိရပြီး ငိုကြွေးနေရင်း ပြောင်းလဲသွားတဲ့ အသံအနေအထား၊အက်ရှရှအသံတွေကတော့ သီချင်းတစ်ပုဒ်အသွင် ဖြစ်နေပါတယ်တဲ့။

6.Bridal Doll

Puerto Ricoမှာရှိတဲ့ မင်္ဂလာဆောင်မှာကျ အဆောင်လက်ဖွဲ့တွေနဲ့စီမံထားပြီး ဖက်ရှင်အပြင်အဆင်ကအစ သတို့သမီးနဲ့တစ်ထပ်တည်းနီးပါးတူအောင် ဖန်တီးထားတဲ့ သတို့သမီးရုပ်ထားရှိပါတယ်။နောက် ထိုအရုပ်ကို ငွေကြေးအားကိုးတကြီးမျှော်လင့်နေတဲ့ မင်္ဂလာပွဲလာဧည့်သည်တွေကို အကူအညီပေးဖို့ လက်ဆောင်ပေးပါတယ်။

7.ရေချိုးခန်းအိမ်သာသွားဖို့ တားမြစ်ထားခြင်း

အင်ဒိုနီးရှားနဲ့မလေးရှားကြားက Borneoကျွန်းစုပေါ်က Tidongလူမျိုးတွေကတော့ မင်္ဂလာဆောင်ပြီးပြီးချင်း 3ရက်3ညတိုင်အောင် ရေချိုးခန်းအိမ်သာသုံးစွဲခြင်းမပြုဖို့ တားမြစ်ထားတဲ့ ရှေးဆန်တဲ့ဓလေ့တွေကို ဆက်လက်လက်ဆင့်ကမ်းသယ်ဆောင်နေဆဲပဲဖြစ်ပါတယ်။ဒါကြောင့် သတို့သားနဲ့သတို့သမီးဟာ မင်္ဂလာအခမ်းအနားမှာ အနည်းငယ်သာစား၊အနည်းငယ်သာသောက်ပြီး ဒီဓလေ့ဟာ ပျော်ရွှင်ခိုင်မြဲ၊မျိုးဆက်ပြန့်ပွားတဲ့ အိမ်ထောင်ရေးတစ်ခုအဖြစ် ပုံဖော်ဦးဆောင်ပေးနိုင်မယ်လို့ အယုံအကြည်ရှိကြပါတယ်။

cantwait2say

ပြန်လည်မျှဝေလိုက်ပါ..

Leave a Comment