News

မိခင်ကြီးဆုံးသွားလို့ အသက် (၅)နှစ်အရွယ်ကတည်းက အိမ်မှုကိစ္စတွေ တာဝန်ယူခဲ့ရတဲ့ကောင်မလေး

ပြန်လည်မျှဝေလိုက်ပါ..

ဂျပန်သူတစ်ယောက်ဖြစ်တဲ့  Hana Yasutake ဟာ အသက်(၅)နှစ်ကတည်းက အိမ်မှုကိစ္စနဲ့ အချက်အပြုတ်ကို ကျွမ်းကျင်အောင်ပြုလုပ်တတ်တယ်လို့ ဆိုပါတယ်။ ဒါဟာ ကလေးတစ်ယောက်ဘဝမှာ ရှားရှားပါးပါးပါဘဲ။ Hana ရဲ့ မိခင်ဟာ ရင်သားကင်ဆာ ခံစားခဲ့ရသူမို့ သူမမသေခင် ကလေးကို အိမ်မှုကိစ္စတွေ တတ်မြောက်အောင် သင်ပေးခဲ့ပါတယ်။

Hana ရဲ့ မိခင် Chie က ကလေးကိုခေါ်ပြီး ” ဒီမယ်သမီး လူ့ဘဝဆိုတာ အချက်အပြုတ်ပညာကလည်း အရေးပါတယ် … ဒီတော့ ဒါတွေကိုဘယ်လိုကိုင်တွယ်ပြီး အသုံးပြုမယ် … အိမ်မှုကိစ္စတွေ ဘယ်လိုလုပ်ရမလဲဆိုတာ အမေသင်ပေးမယ် … ပညာရေးဆိုတာ အိမ်မှုကိစ္စမတတ်ဘဲ ပြည့်စုံတယ်လို့ ပြောလို့မရဘူး … “စသဖြင့် မှာကြားခဲ့ကြောင်း သူမရဲ့ ဘလော့ဂ်မှာ ရေးသားပါတယ်။

ထိုစဉ် Hana ဟာ အသက်(၄)နှစ်သာရှိသေးပြီး ငယ်ရွယ်လွန်းသေးပေမယ့် မိခင်မှာ ဒီထက်ပိုပြီး အချိန်မရှိတော့ပါဘူး။ မွေးနေ့လက်ဆောင်အဖြစ်၊ မီးဖိုချောင်ထဲမှာသုံးတဲ့ ဆီကာညှော်ကာ ရှေ့ဖုံးခါးစည်းအဝတ် (Apron) တစ်ထည်လက်ဆောင်ပေးခဲ့ပါတယ်။ Hana ကိုယ်တိုင်ကလည်း အချက်အပြုတ်မှာ ဝါသနာပါခဲ့သူမို့ အမြန်တတ်မြောက်ခဲ့ပါတယ်။

မိခင် Chie က သူမရဲ့ ဘလော့ဂ်မှာ ” ကျွန်မမှာ ကင်ဆာရှိရှိ မရှိရှိ အခုဆို ရဲရဲသေရဲပါပြီ … နောင်တရစရာ မရှိတော့ပါဘူး “လို့ ပြောခဲ့ပါတယ်။ ယင်းနောက် 2008 ခုနှစ်မှာပင် Chie ဟာ ခင်ပွန်း Shingo နဲ့ သမီးလေး Hana တို့ကို ထားရစ်ခဲ့ပြီး ငြိမ်းချမ်းရာကို ကူးပြောင်းသွားခဲ့ပါတယ်။ အသက်(၅)နှစ် အရွယ်မှာ Hana ဟာ မိသားစုအစားအစားတွေ တာဝန်ယူချက်ပြုတ်နိုင်ခဲ့ပါတယ်။

ဒီအတွက် မိခင်ကြီးကို ရည်စူုးတဲ့ စာတစ်စောင် ရေးပါသေးတယ်။ ” အမေရေ  … အမေ့ကို ပြောစရာရှိတယ် … သမီး အခုဆို Bento တစ်ပွဲစာ ကောင်းကောင်းချက်တတ်ပြုတ်တတ်နေပါပြီ … အမေ မအံ့သြဘူးမလား … အမေရေ ကျွန်မ ခဏခဏ မငိုတော့ဘူး … ကျွန်မ အခုအကောင်းဆုံးလုပ်တတ်နေပါပြီ “လို့ ပြောခဲ့ပါတယ်။

Hana ဟာ မိခင်မရှိတော့တဲ့နောက် မိခင်ရဲ့အချစ်ဆုံး ခွေးလေးကို ပြောင်းပြီးဂရုစိုက်ပေးပါတယ်။ မူကြိုမတက်ခင်မှာ စန္စယားသင်တန်း တက်ပြီး၊ အိမ်ပြန်ရောက်ရင် အိမ်မှုကိစ္စလုပ်ပါတယ်။ ဖခင်က သမီးလေးကို ဝင်မကူဘူးလားဆိုတော့ သူ့မှာလည်း မိသားစုနောင်ရေးအတွက် ငွေရှာရပါသေးတယ်။ သူလည်း အလုပ်အားတိုင်း ဝင်ကူတယ်လို့ ဆိုပါတယ်။ ဖခင်က နာမည်မရသေးတဲ့ စာရေးဆရာတစ်ယောက်ပါ။

ဒါပေမယ့် သမီးလေးကို ဂုဏ်ပြုတဲ့အနေနဲ့ “Hana-chan No Miso Shiru” စာအုပ်ကို ရေးသားထုတ်ဝေခဲ့ပါတယ်။ ဒီစာအုပ်ဟာ ဂျပန်မှာ အခုအချိန်ထိ ရောင်းရအကောင်းဆုံး စာအုပ်တစ်အုပ် ဖြစ်နေပါပြီ။ ဖခင်ကလည်း ဒီစာအုပ်ကြောင့် နာမည်ကြီးသွားခဲ့ပါတယ်။ ဒါ့အပြင် ဒီစာအုပ်ကိုပဲ ခေါင်းစဉ်မပြောင်းဘဲ ရုပ်ရှင်ဗွီဒီယိုဇာတ်ကားကြီး ရိုက်ကူးခဲ့ပြီး၊ ဝင်ငွေလည်း စံချိန်တင်ရရှိခဲ့တယ်လို့ သိရပါတယ်။ Hana ဟာအခုဆို အသက်(၁၄)နှစ် ဝန်းကျင် ရှိပါပြီ။

နတ်စည်တော် (Shwemom)

ပြန်လည်မျှဝေလိုက်ပါ..

Leave a Comment