sport

အလုပ်ပြုတ်ခံပြီး ဘောလုံးပွဲကိုသွားရောက်အားပေးခဲ့တဲ့ ပရိသတ်တစ်ဦး

ဟိုင်ပိုလို့ အမည်ရတဲ့ ဟောင်ကောင်လူငယ်လေးတစ်ဦးဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုဆီက ပရီးမီးယားလိဂ် ဘောလုံးပွဲတွေကို တီဗွီကနေ ကြည့်ရှုခဲ့ရင်း အသင်းတစ်သင်းကို နှစ်ခြိုက်သဘောကျခဲ့ပြီး အခုချိန်ထိ အရူးအမူးအားပေးနေဆဲဖြစ်ပါတယ်။ အဲဒီအသင်းဟာ ပို့စ်မောက်အသင်းဖြစ်ပြီး လက်ရှိအချိန်မှာတော့ လိဂ် 1 ပြိုင်ပွဲမှာ ယှဉ်ပြိုင်ကစားလျှက် ရှိနေပါတယ်။ ဟိုင်ပိုဟာ ပို့စ်မောက်အသင်းရဲ့ ပရီးမီးယားလိဂ်မှာ ယှဉ်ပြိုင်ကစားခဲ့ပုံတွေကြောင့် စတင်အားပေးခဲ့တာ ဖြစ်သော်လဲ၊ နောက်ပိုင်းမှာတော့ အဲဒီကလပ်ဟာ ပြိုင်ပွဲအဆင့်ဆင့် တန်းဆင်းခဲ့ရသည့်တိုင်အောင် သူကတော့ အသင်းပြောင်းလဲ အားပေးခဲ့ခြင်းမရှိပဲ၊ ပို့စ်မောက်အပေါ် သစ္စာရှိရှိရနဲ့ အားပေးခဲ့ပါတယ်။

သူဟာ သူအားပေးတဲ့ ပို့စ်မောက်အသင်းရဲ့ ပွဲစဉ်တွေကို တီဗွီကနေ အားပေးဖို့ မဖြစ်နိုင်တော့တာကြောင့် မိုင်ပေါင်း 6000 ကျော် ဝေးကွာလွန်းတဲ့ အင်္ဂလန်ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပြီး၊ ပို့စ်မောက်ကွင်းထဲအထိ သွားရောက်အားပေးဖို့ ဆုံးဖြတ်ခဲ့သူဖြစ်ပါတယ်။ အသက် 26 နှစ်အရွယ် ရှိပြီဖြစ်တဲ့ အဆိုပါ ဟောင်ကောင်သားလေးကို နီကိုး လို့ အမည်ပြောင် ခေါ်ကြလေ့ရှိပြီး၊ သူရဲ့ အကြိုက်ဆုံးကစားသမား ပို့စ်မောက် ကွင်းလယ်လူဟောင်း နီးကို ခရန်ကာရဲ့ နာမည်ကို ရယူထားတာ ဖြစ်တယ်လို့ သိရပါတယ်။ နီးကိုးဟာ အင်္ဂလန်ကို ရောက်လာခဲ့တဲ့ 2 နှစ်အတွင်း ပို့စ်မောက်အသင်းရဲ့ ပွဲ 3 ပွဲသာ လွဲချော်ခဲ့ဖူးတယ်လို့ သိရသလို၊ ပို့စ်မောက်ပွဲတွေ မကြည့်ပဲ မနေနိုင်လို့ အလုပ်ထုတ်ခံရဖူးတယ်လို့လဲ ပြောဆိုသွားခဲ့ပါတယ်။

ပို့စ်မောက်ဖန် ဖြစ်လာရပုံနဲ့ ပတ်သက်လို့ ဟိုင်ပိုက “ ကျနော် ပရီးမီးယားလိဂ်ကို စကြည့်ဖြစ်တာ 2006 ခုနှစ်မှာပါ။ အဲဒီအချိန်က ပို့စ်မောက်ဟာ ပရီးမီးယားလိဂ်ရဲ့ စွမ်းဆောင်ရည်အကောင်းဆုံးတွေထဲက တစ်သင်းလေ။ ကျနော် တီဗွီကနေ ကြည့်တဲ့အချိန်တိုင်း သူတို့ရဲ့ ပရိသတ်တွေဟာ အကျယ်လောင်ဆုံးဖြစ်သလို၊ John Westwood’s ရဲ့ ခေါင်းလောင်းသံကိုတောင် ဒီအတိုင်းကြားနေရတာပါ။ အဲဒီအရာတွေကို ကျနော်က စွဲလန်းမိခဲ့တာပေါ့။

ကျနော် သူတို့ကို ကွင်းထဲအထိသွားပြီး ပထမဆုံး အားပေးတဲ့ပွဲက ဟောင်ကောင်က Asia Trophy ဖလားပွဲမှာပါ။ လီဗာပူးနဲ့ ကစားခဲ့တဲ့ပွဲပေါ့။ ကျနော်တို့ဘက်မှာ ပို့စ်မောက် ပရိသတ်ဆိုလို့ 300 ပဲလောက်ပဲ ရှိခဲ့ပေမယ့် လီဗာပူး ပရိသတ်တွေက 30000 လောက်အထိ ရှိနေခဲ့တာလေ။ ဒါပေမယ့် ကျနော်တို့အဖွဲ့ကို သူတို့ မစိုးမိုးနိုင်ခဲ့ပါဘူး။ အဲဒီနေ့က စပြီး ကျနော်ဟာ ကိုယ့်ကိုကိုယ် ပို့စ်မောက်ပရိသတ်တစ်ဦးဖြစ်နေခဲ့ပြီဆိုတာ စပြီး သိလာခဲ့ရတာပါ။ ဟောင်ကောင်က သာမန်ပရိသတ်တွေတစ်ဦးဆိုရင် ခဏခဏတန်းဆင်းနေရတဲ့ ပို့စ်မောက်လိုအသင်းကို အားပေးတော့မှာ မဟုတ်လောက်ပါဘူး၊ ကျနော်ကတော့ မနေနိုင်ဘူးဗျာ။ အဲလိုသာ အပြောင်းအလဲ မြန်တဲ့သူဆိုရင် ကျနော့်ကိုလဲ ပို့စ်မောက်ပရိသတ်လို့ ဘယ်သူကမှ အသိအမှတ်ပြုကြတော့မှာ မဟုတ်ပါဘူး” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

ဟိုင်ပိုဟာ အင်္ဂလန်ကို စတင်ရောက်ရှိလာချိန်က ပို့စ်မောက်ပွဲတွေကို ကြည့်ခွင့်ရဖို့အတွက် ပန်းကန်ဆေးတဲ့အလုပ်ကို လုပ်ကိုင်ခဲ့ရပါတယ်။ ၂၀၁၆ ခုနှစ် မေလမှာတော့ ပို့စ်မောက်အသင်းရဲ့ ပရိသတ်မှန်း သူ့ကို သိနေတဲ့ အလုပ်ရှင်က ပလိုင်းမောက်နဲ့ ကစားမယ့် Play off ပွဲ အဝေးကွင်းပွဲစဉ်ကို လိုက်မကြည့်ဖို့ သတိပေးခဲ့ပြီး၊ အလုပ်မှာပဲ ဆက်ရှိနေဖို့ မှာကြားထားခဲ့တာပါ။ သို့သော် ဟိုင်ပိုကတော့ သူ့ရဲ့အလုပ်ကို အရှုံးဆုံးခံပြီး ပို့စ်မောက်အသင်းကို လိုက်လံအားပေးခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ပဲ ပို့စ်မောက်ဟာလဲ အဲဒီပွဲမှာ နောက်ဆုံးမီးနစ်သွင်းဂိုးနဲ့အတူ အရှုံးပေးခဲ့ရပြန်ပါတယ်။

အဲဒီ အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး ဟိုင်ပိုက “ ကျနော်ကတော့ နောင်တမရပါဘူး။ ကိုယ့်ရဲ့သဘောနဲ့ကို ဆုံးဖြတ်ခဲ့တာမို့လို့ ဒီလို အခြေအနေတွေ ရင်ဆိုင်ရဲရမှာပေါ့။ ဒါပေမယ့် အလုပ်တစ်ခု ဆုံးရှုံးသွားတာ အဲဒီအချိန်က တော်ာတော်လေး အန္တရာယ်များလွန်းခဲ့ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျနော် အင်္ဂလန်ကို ရောက်တာ တစ်လလောက်ပဲ ရှိနေသးတာလေ။

ချာတဲဟမ်ကို အနိုင်ယူပြီး လိဂ်ဖလား ဆွတ်ခူးခဲ့တာထက်၊ နော့ကောင်တီကို အနိုင်ရပြီး လိဂ်ဝမ်းကို တက်ရောက်နိုင်ခဲ့တဲ့ ခံစားချက်က ပိုပြီးတော့ ကျနော့်အတွက် တန်ဖိုးရှိပါတယ်။ ဖလားရယူနိုင်တုန်းကလဲ ကျနော် ပျော်ခဲ့ပေမယ့်၊ နော့ကောင်တီကို အနိုင်ရလိုက်ချိန်မှာတော့ ကျနော့်ဖြင့် မငိုပဲနဲ့ကို မနေနိုင်တော့ပါဘူး” လို့ ဖွင့်ဟ ပြောဆိုသွားခဲ့ပြီဖြစ်ပါတယ်။

ဟိုင်ပိုဟာ အလည်အပတ် ဗီဇာ ၂ နှစ်ပြည့်တော့မှာ ဖြစ်လို့ မကြာခင်ပဲ အင်္ဂလန်ကနေ ဟောင်ကောင်ကို ပြန်ရတော့မှာပါ။ သူ အမြဲတမ်းကြည့်ချင်တဲ့ ပို့စ်မောက်အသင်းရဲ့ ပွဲစဉ်တွေနဲ့လဲ ဝေးကွာတော့မှာ ဖြစ်ပါတယ်။

Source- sportsmyanmar

ပြန်လည်မျှဝေလိုက်ပါ..
TaKhon အွန်လိုင်းစာမျက်နှာ တွင်ဖော်ပြထားသော Post များသည် ကိုယ်ပိုင်မဟုတ်ပါ။ အများပြည်သူ ဖတ်ရအဆင်ပြေအောင် ဖေ့ဘွတ်စာမျက်နှာတွင်ပြန့်ကျဲနေသော သတင်းဆောင်းပါးများကို ကူးယူဖော်ပြထားပါသည်။ သို့ဖြစ်သောကြောင့် ကူးယူဖော်ပြခံရသော မီဒီယာများအနေဖြင့် မိမ်တို့၏ content များကု ကူးယူဖော်ပြခြင်းကို ကန့်ကွက်လိုပါက [email protected] ကို အီးမေလ်း ပေးပို့နိုင်ပါသည်။

Leave a Comment