Knowledge

ကမ္ဘာ့ အမြန်ဆုံး ရထား (၅) စင်း

ရထားနဲ့ လေယာဉ် ဘယ်ဟာက ပိုမြန်လဲဆိုတာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းကတော့ မေးစရာ မလိုတဲ့ မေးခွန်းတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် သိပ်မကြာခင် ကာလမှာ ရထားနဲ့ လေယာဉ် ဘယ်ဟာက ပိုမြန်လဲလို့  မေးရင် ဘယ်ရထားကို ပြောတာလဲလို့ ပြန်မေးလာရတော့မှာပါ။ တကယ်လည်း ယနေ့ အချိန်မှာ ရထားတွေဟာ ပိုမြန်သထက် မြန်လာနေပြီး လေယာဉ်ရဲ့သွားနှုန်းကို တဖြည်းဖြည်း အမီလိုက်လာနေပါပြီ။ ဒါ့ကြောင့် ရထားစီးရတာ နှစ်သက်သူများအတွက် လက်ရှိ ကမ္ဘာ့ အမြန်ဆုံး ရထား (၅) စင်းကို ဖော်ပြပေး လိုက်ပါတယ်။

(၁) THSR 700T
THSR 700T ကတော့ ထိုင်ဝမ်နိုင်ငံက မြန်နှုန်းမြင့် ရထားတွေပဲဖြစ်ပါတယ်။ ၄င်းရထားတွေကို (၂ဝဝ၇) ခုနှစ်က တိုင်ပေမြို့ နဲ့ ဂေါင်းရှုံ (Kaohsiung) (၂) ခုအကြား စတင်ပြေးဆွဲခဲ့ပြီး တစ်နာရီကို (၁၈၆) မိုင်နှုန်းလောက် သွား နိုင်ပါတယ်။ ရထားတစ်စင်းကို ရထားတွဲ (၁၂) တွဲပါဝင်ပြီး ခေါင်းတွဲတစ်ခုထဲမှာပဲ အင်ဂျင်ပါတာ မဟုတ်ဘဲ တွဲ (၁၂) တွဲအနက်က (၉) တွဲမှာ အင်ဂျင်ပါဝင်တာဖြစ်လို့ ၎င်း (၉) တွဲလုံးနဲ့ ရထားကို မောင်းနှင်တာ ဖြစ်ပါတယ်။ ဂျပန်ကုမ္ပဏီတွေဖြစ်တဲ့ ကာဝါဆာကီ (Kawasaki)၊ နီပွန် ရှာယို (Nippon Sharyo) နဲ့  ဟီတာချီ တို့ က ပူးပေါင်းတည်ဆောက်တာဖြစ်ပါတယ်။ ရထားတစ်စင်းရဲ့ တွဲ (၁၂) တွဲမှာ ပထမတန်း တစ်တွဲ၊ ရိုးရိုးတန်း (၁၁) တွဲပါဝင်ပြီး ပထမတန်း တစ်တွဲမှာ ခရီးသည် (၆၆) ဦးနဲ့ ရိုးရိုးတန်း (၁၁) တွဲမှာ ခရီးသည် (၉၂၃) ဦး တင် ဆောင်နိုင်ပါတယ်။

(၂) SNCF TGV Duplex
Duplex ရထားတွဲတွေဟာ ပြင်သစ်နိုင်ငံရဲ့ အမြန်ဆုံး ရထားတွေဖြစ်ပြီး တစ်နာရီကို (၁၉၈) မိုင်နှုန်း လောက်သွားနိုင်မှာပါ။ (၂ဝ၁၁)ခုနှစ်မှာ စတင်ပြေးဆွဲခဲ့ပြီး ပြင်သစ်နိုင်ငံရဲ့ အဓိက မြို့ ကြီးတွေအားလုံးကို ဆက်သွယ်မောင်းနှင်ပါတယ်။ ကိုယ်ထည်အလေးချိန်ကို လျှော့ချနိုင်ဖို့ အတွက် အရည်အသွေးမြင့် အလူမီနီယမ်သတ္တုတွေကို အသုံးပြုထားပြီး ရထားတွဲတွေမှာ အသုံးပြုထားတဲ့ ပစ္စည်းတွေရဲ့ (၉ဝ) ရာခိုင်နှုန်းခန့်  ကို ပြန်လည်အသုံးပြု (Recycle လုပ်) နိုင်မယ်လို့ ဆိုပါတယ်။ ထုတ်လုပ်သူကတော့ ပြင်သစ်ကုမ္ပဏီ အော်လ်စတွန် (Alstom Manufacturing Company) ပါ။ ရိုးရိုးတန်း၊ ပထမတန်းနဲ့ TGV Pro တန်း ဆိုပြီး ရထားတွဲ (၃) မျိုးရှိပါတယ်။ ပထမတန်းအတွဲတွေမှာ ပိုကောင်းတဲ့ နောက်မှီထိုင်ခုံတွေ၊ စာဖတ်ဖို့ သီးသန့် စာကြည့်မီးနဲ့  အီလက်ထရောနစ် ပစ္စည်းတွေ အသုံးပြုဖို့ အတွက် ပလပ်ပေါက်တွေ ပါဝင်မှာပါ။ TGV Pro တန်းတွေ ဆိုရင်တော့ ဇိမ်ကျတဲ့ ထိုင်ခုံကျယ်တွေ၊ ဖျော်ရည်တွေ၊ သတင်းစာနဲ့ မဂ္ဂဇင်းတွေ အပြင် ဖရီး ဝိုင်ဖိုင် (Free Wi-Fi) ပါရဦးမှာပါ။

(၃) E5 Series Shinkansen Hayabusa
E5 Series ကတော့ လက်ရှိ ဂျပန်နိုင်ငံမှာ ပြေးဆွဲနေတဲ့ ရထားတွေထဲမှာ အမြန်ဆုံးဖြစ်ပြီး ထုတ်လုပ်သူကတော့ ဂျပန်ကုမ္ပဏီတွေဖြစ်တဲ့ ကာဝါဆာကီနဲ့ ဟီတာချီပါ။ (၂ဝ၁၁) ခုနှစ်မှာ တိုကျိုမြို့ နဲ့  အာအိုမိုရီ အကြားမှာ စတင်ပြေးဆွဲခဲ့ပြီး တစ်နာရီကို (၁၉၈) မိုင်နှုန်းသွားနိုင်ပါတယ်။ ပေ (၅ဝ) ခန့် ရှည်လျားတဲ့ ရထားခေါင်းတွဲ ဒီဇိုင်းကြောင့် လိုဏ်ခေါင်းတွေထဲကို ဖြတ်သန်းသွားလာတဲ့အခါ ဆူညံမှုနဲ့ တုန်ခါမှုကို အနည်း ဆုံးအထိ လျှော့ချပေးနိုင်မှာပါ။ ရထားတစ်စင်းကို တွဲဆိုင်း (၁ဝ) တွဲပါဝင်ပြီး ရိုးရိုးတန်း၊ ပထမတန်းနဲ့  အထူး တန်း ဆိုပြီး အမျိုးအစား (၃) ခုပါဝင်ပါတယ်။ စုစုပေါင်း သယ်ဆောင်နိုင်တဲ့ ပမာဏကတော့ ရထား တစ်စင်းကို ခရီးသည် (၇၃၁) ဦးပါ။ စတင် ထုတ်လုပ်တဲ့ (၂ဝဝ၉) ခုနှစ်ကနေ ယနေ့ အထိ တွဲပေါင်း (၃၇ဝ) (ရထား ၃၇ စင်း) တည်ဆောက်ခဲ့ပြီးတော့ တည်ဆောက်ဆဲနေနဲ့ တော့ တွဲပေါင်း (၂၂ဝ) (ရထား ၂၂ စင်း) ရှိပါတယ်။

(၄) AGV Italo
ဥရောပမှာ ပြေးဆွဲနေတဲ့ ရထားတွေထဲမှာ အမြန်ဆုံး ရထားဖြစ်ပြီး တစ်နာရီကို (၂၂၃) မိုင်အထိ သွားနိုင်ပါတယ်။ ပြင်သစ်ကုမ္ပဏီ အယ်လ်စတွန်ကပဲ ထုတ်လုပ်တာပါ။ (၂ဝဝ၇) ခုနှစ်မှာ ရောမမြို့ နဲ့ နေပယ် (Naples) မြို့ (၂) ခုအကြား စတင်ပြေးဆွဲခဲ့ပါတယ်။ AVG Italo ရထားတွေကို တည်ဆောက်ရာမှာ သဘာဝ ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်တဲ့ ပစ္စည်းတွေကို အသုံးပြုထားပြီး ပါဝင်တဲ့ အစိတ်အပိုင်းတွေရဲ့ (၉၈) ရာခိုင်နှုန်း ခန့် ကို ပြန်လည် အသုံးပြု (recycle လုပ်) နိုင်မယ်လို့ ဆိုပါတယ်။ (၂ဝဝ၈) ခုနှစ်မှာ အီတလီ သယ်ယူပို့ ဆောင် ရေး ကုမ္ပဏီ (Nuovo Transporto Viaggiatori) က AVG ရထား (၂၅) စင်းကို ယူရို (၆၅ဝ) သန်းနဲ့ ဝယ်ယူ အသုံးပြုခဲ့ ပါတယ်။ တန်ဖိုးကလည်း မြင့်သလို စီးရတာကလည်း ဇိမ်ပါပဲ။ ရထားတွဲအားလုံးမှာ သားရေ ထိုင်ခုံတွေ၊ ခုံတစ်လုံးချင်းစီမှာ တီဗီတွေနဲ့ ဖရီး ဝိုင်ဖိုင်လည်း ပါဝင်ဦးမှာပါ။ ဒီရထားမျိုးနဲ့ ရန်ကုန်၊ မန္တလေးသွား လိုက် ရရင်တော့ ရှယ်ပဲနော်။

(၅) Shanghai Maglev
လက်ရှိ ကမ္ဘာပေါ်မှာ ပြေးဆွဲနေတဲ့ ရထားတွေထဲမှာ အမြန်ဆုံးဖြစ်ပြီး တစ်နာရီကို (၂၆၇) မိုင်နှုန်းအထိ သွားနိုင်တာမို့ ဒီရထားမျိုးနဲ့ သွားမယ်ဆိုရင် ရန်ကုန်ကနေ မြစ်ကြီးနားကို (၆) နာရီလောက်ပဲကြာမှာပါ။ နောက်ထပ် ထူးခြားချက်တစ်ခုကတော့ Shanghai Maglev ရထားတွေမှာ ဘီးတွေမပါတာပါပဲ။ ရထားလမ်းနဲ့  တွဲဆိုင်းကိုယ်ထည်တွေအကြားမှာ ရှိတဲ့ သံလိုက်စက်ကွင်းကြောင့် ရထားတစ်စင်းလုံး လေထဲကို ကြွတက်နေ တာ ဖြစ်လို့ လမ်းနဲ့ မထိတဲ့ အတွက် ဘီးတွေ မလိုအပ်ပါဘူး။ ထုတ်လုပ်သူတွေကတော့ ဂျာမနီကုမ္ပဏီတွေ ဖြစ်တဲ့ စီးမန်း(စ်) (Siemens) နဲ့ တီဆန်ခလု(ပ်) (ThyssenKrupp) တို့ ပါ။ Shanghai Maglev ရထားတွေဟာ တရုတ်နိုင်ငံ ရှန်ဟိုင်းဖူတုန်း (Shanghai Pudong) အပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ လောင်ယန်းလမ်း ဘူတာရုံ (Long Yang Road Station) အကြား ပြေးဆွဲလျက်ရှိပြီး (၁၉) မိုင် ခရီးကို မောင်းနှင်ချိန် (၇) မိနစ်နဲ့  ခရီးသည် တွေကို ပို့  ဆောင်ပေးနေပါတယ်။ (၁၅) မိနစ် ကို (၁) စင်း ပြေးဆွဲနေပြီး လက်မှတ်ခအနေနဲ့ အမေရိကန် (၈) ဒေါ်လာ (၁ သောင်းကျပ်ခန့် ) ရှိပါတယ်။

လက်ရှိအချိန်မှာ လေယာဉ်တွေက ရထားတွေထက် မြန်နေဆဲဖြစ်ပေမယ့် ကြာချိန် သိပ်မကွာတော့ဘူး ဆိုရင်တော့ လေယာဉ်စီးသူအများစုဟာ ရထားတွေကို ပြောင်းစီးလာနိုင်ချေရှိနေပါတယ်။ လေယာဉ်ထက် လူဦးရေပိုဆံ့သလို ကျယ်ကျယ်ဝန်းဝန်းနဲ့ ပိုပြီး သက်တောင့်သက်သာစီးရတဲ့အပြင် ကုန်ကျစရိတ်လည်း ပိုနည်း တာမို့  ကမ္ဘာ့ စက်မှုနိုင်ငံကြီးများဟာ မြန်နှုန်းမြင့် ရထားနည်းပညာဘက်မှာ အပြိုင်အဆိုင် သုတေသန ပြုရင်း တီထွင်ကြံဆနေကြပါတယ်။ နောင် အနှစ် (၂ဝ) လောက်မှာတော့ ရထားတွေကို လေယာဉ်တွေထက် ပိုပြီး တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြမလားဆိုတာ စိတ်ဝင်စားစရာပါပဲ။
Okkar

credit – MyanmarNote

ပြန်လည်မျှဝေလိုက်ပါ..
TaKhon အွန်လိုင်းစာမျက်နှာ တွင်ဖော်ပြထားသော Post များသည် ကိုယ်ပိုင်မဟုတ်ပါ။ အများပြည်သူ ဖတ်ရအဆင်ပြေအောင် ဖေ့ဘွတ်စာမျက်နှာတွင်ပြန့်ကျဲနေသော သတင်းဆောင်းပါးများကို ကူးယူဖော်ပြထားပါသည်။ သို့ဖြစ်သောကြောင့် ကူးယူဖော်ပြခံရသော မီဒီယာများအနေဖြင့် မိမ်တို့၏ content များကု ကူးယူဖော်ပြခြင်းကို ကန့်ကွက်လိုပါက [email protected] ကို အီးမေလ်း ပေးပို့နိုင်ပါသည်။

Leave a Comment