LifeStyle

အမေ့အလျော့ကြီးတဲ့သူတွေအတွက် မှတ်ဉာဏ်အားကောင်းစေမယ့်နည်းလမ်းများ

အသက်အရွယ် ကြီးလာတာနဲ့အမျှ မှတ်ဉာဏ်အားနည်း လာတဲ့အတွက် သတိမေ့တာ၊ အမေ့ကြီးတာမျိုး ကြုံတွေ့ရတတ်ပါတယ်။ ယေဘူယျအားဖြင့်တော့ ဒီလက္ခဏာရပ်ကို အယ်လ်ဇိုင်းမား ခေါ် သက်ကြီးရောဂါလို့ ခေါ်ကြပါတယ်။ ဒါပေမယ့် တခါတရံမှာလည်း အသက်အရွယ်နဲ့ မဆိုင်တော့ဘဲ သတိမေ့တာမျိုးကို ကြုံတွေ့ရတတ်ပါတယ်။ အများစုကတော့ ဒီလိုဖြစ်လေ့ဖြစ်ထရှိတဲ့ သတိမေ့တာ၊ အမေ့ကြီးတာကို သာမာန်ကိစ္စရပ်အဖြစ်သာ လျစ်လျူရှုထားလိုက်ကြပါတယ်။ သတိမေ့တာ၊ အမေ့ကြီးတာမျိုး အရမ်းများလာရင်လည်း နေ့စဉ်လုပ်ငန်းဆောင်တာကို ထိခိုက်စေလာနိုင်တဲ့အတွက် အထူးသတိထားသင့်တဲ့ အရာပါပဲ။

သတိမေ့တာ၊ မကြာခဏဆိုသလို အမေ့အလျော့ကြီးရခြင်းရဲ့ အကြောင်းအရင်းများကတော့ စိတ်ဖိစီးမှုများခြင်း၊ နေ့စဉ်အလုပ်အချိန်ဇယားများလွန်းခြင်း၊ စိတ်ပူပန်မှုများခြင်း၊ အိပ်ရေးမဝခြင်းနဲ့ နေထိုင်စားသောက်မှု ပုံစံမူမမှန်ခြင်း၊ အာဟာရဓာတ်ချို့တဲ့ခြင်း စတဲ့အချက်တွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် မကြာခဏ အမေ့ကြီးတဲ့ သူတွေအနေနဲ့ ဘယ်လိုနည်းနဲ့ ကုသမလဲ၊ ဘယ်လိုကာကွယ်မလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ဒိုင်ယာရီချရေးပါ

ကိုယ်တစ်နေ့တာ လုပ်ဆောင်ခဲ့တဲ့အရာတွေကို ပြန်လည်အမှတ်ရဖို့ ခက်ခဲတဲ့သူတွေအတွက်တော့ ဒိုင်ယာရီချရေးတာက အကောင်းဆုံးပါပဲ။ နောက်တစ်နေ့မှာ ပြုလုပ်ရမယ့် plan ကိုကြိုတင်ပြီး အစီအစဉ်ချရေးဆွဲတာကလည်း ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တစ်ခုပါပဲနော်။

(၂) မန်မိုရီဂိမ်းဆော့ပါ

မကြာခဏဆိုသလို မန်မိုရီးကို အလုပ်ပေးတဲ့ ဂိမ်းဆော့ပါ။ အရောင်မှတ်ပြီး ဆော့ရတဲ့ဂိမ်း၊ ရုပ်ပုံကားချပ်ကို အလွတ်မှတ်ရတဲ့ဂိမ်း၊ စကားများကို အစဉ်လိုက်မှတ်ရတဲ့ ဂိမ်းများကို မကြာခဏ ကစားပေးမယ်ဆိုရင် မှတ်ဉာဏ်ဖွံ့ဖြိုးစေပါတယ်။

(၃) စာဖတ်ပါ

ပညာရပ်အသစ်များကို လေ့လာဆည်းပူးတာ၊ ဗဟုသုတရှာမှီးတာကလည်း မန်မိုရီအားကောင်း စေပါတယ်။ စာဖတ်ခြင်းက စိတ်ကို တည်ငြိမ်စေတဲ့အပြင် အာရုံစူးစိုက်မှု အားကောင်းစေတဲ့အတွက် မကြာခဏ သတိမေ့တတ်သူများအတွက် စိတ်ငြိမ်ဆေးလို့ ဆိုရပါမယ်။

(၄) ယောဂကျင့်ပါ၊ တရားထိုင်ပါ

တခါတရံမှာ စိတ်နဲ့လူနဲ့ မကပ်တာ၊ မေ့လျော့တာကလည်း စိတ်ဖိစီးမှု များနေတဲ့အတွက် ကြောင့်ပါ။ ဒါ့ကြောင့် စိတ်တည်ငြိမ်စေမယ့် ယောဂကျင့်တာမျိုး၊ တရားထိုင်တာမျိုး ပြုလုပ်သင့်ပါတယ်။ ဒါ့အပြင် အိပ်ရေးဝဝအိပ်ပြီး စိတ်ဖိစီးမှုကို လျော့ချနိုင်ပါတယ်။

(၅) မှတ်ဉာဏ်အားကောင်းစေမယ့် အစားအစာများကိုစားသုံးပါ

ဦးနှောက်နဲ့ မှတ်ဉာဏ်အားကောင်းစေမယ့် အစားအစာများကို ရွေးချယ်စားသုံးပေးပါ။ အထူးသဖြင့် ဗီတာမင်အေ၊ ဗီတာမင်အီး ပါဝင်တဲ့ အစားအစားများဖြစ်တဲ့ ငါးကြီးဆီ၊ အသီးအရွက်များ၊ ဆယ်လ်မွန်ငါး၊ အခွံမာအစေ့အဆန်များကို စားသုံးသင့်ပါတယ်။

နန်း(ရွှေအင်းလေး)

( ဒီဆောင်းပါးကို Takhon ၏ မိတ်ဖက် အွန်လိုင်းမီဒီယာ Shweinnlay မှ ကူးယူဖော်ပြပါသည် )

ပြန်လည်မျှဝေလိုက်ပါ..
TaKhon အွန်လိုင်းစာမျက်နှာ တွင်ဖော်ပြထားသော Post များသည် ကိုယ်ပိုင်မဟုတ်ပါ။ အများပြည်သူ ဖတ်ရအဆင်ပြေအောင် ဖေ့ဘွတ်စာမျက်နှာတွင်ပြန့်ကျဲနေသော သတင်းဆောင်းပါးများကို ကူးယူဖော်ပြထားပါသည်။ သို့ဖြစ်သောကြောင့် ကူးယူဖော်ပြခံရသော မီဒီယာများအနေဖြင့် မိမ်တို့၏ content များကု ကူးယူဖော်ပြခြင်းကို ကန့်ကွက်လိုပါက ta[email protected] ကို အီးမေလ်း ပေးပို့နိုင်ပါသည်။

Leave a Comment