News

လေယာဉ်ပေါ်တွင်အရက်မူးပြီးသောင်းကျန်းခဲ့တဲ့အမျိုးသမီးကြောင့်အရေးပေါ် ဆင်းသက်ခဲ့ရ

စပိန်နိုင်ငံမှ အိုင်ယာလန်နိုင်ငံ ဒက်ဘလင်မြို့သို့ ပျံသန်းနေခဲ့တဲ့ လေယာဉ်ပေါ်မှာ ခရီးသည်အမျိုးသမီးတစ်ဦးဟာ အရက်မူးပြီး သောင်းကျန်းခဲ့တာကြောင့် လေယာဉ်အရေးပေါ်ဆင်းသက်ခဲ့ရကြောင်း သိရပါတယ်။

၎င်းအမျိုးသမီးဟာ အရက်မူးနေခဲ့ပြီး လေယာဉ်စတင်ထွက်ခွာချိန်မှာပဲ သန့်စင်ခန်းသွားရမယ်ဆိုကာ ထလာတဲ့အတွက် ဘေးကင်းလုံခြုံမှုစည်းကမ်းအရ လေယာဉ်မယ်က ပြန်ထိုင်ရန် ပြောခဲ့ပါတယ်။ လေယာဉ်မယ်က အစားအသောက်တင်တွန်းလှည်းနဲ့ ကာထားကာ တားမြစ်ခဲ့နေခဲ့စဉ်မှာ အရက်မူးနေတဲ့ အမျိုးသမီးဟာ အခြားခရီးသည်တွေ သူမကို မကြည့်ဖို့ အော်ဟစ်ပြောဆိုနေခဲ့ပါတယ်။

သူမဟာ အခြေအနေပိုဆိုးလာခဲ့ပြီး ခရီးသည်နဲ့ လေယာဉ်မယ်ကို ဆဲရေးတိုင်းထွာခြင်းများပါ ပြုလုပ်လာကာ သူမကို ပြန်ထိုင်ဖို့ ထပြောခဲ့တဲ့ ခရီးသည်တစ်ဦးကိုလည်း ရိုက်ခဲ့ပါတယ်။ သူမရဲ့ ခင်ပွန်းဖြစ်သူကတော့ နေရာမှာပဲ ထိုင်လျက်ဆက်နေနေခဲ့ပြီး ဝင်ရောက်ဖျန်ဖြေခဲ့ခြင်း မရှိခဲ့ပါဘူး။ သောင်းကျန်းမှုပိုမိုဆိုးရွားလာခဲ့တဲ့အတွက် ၄င်းစုံတွဲကို ရဲလက်အပ်ဖို့ လေယာဉ်မှူးက လမ်းကြောင်းပြောင်းခဲ့ပြီး စပိန်နိုင်ငံတွင်းက Santander လေဆိပ်မှာ အရေးပေါ်ဆင်းသက်ခဲ့ရပါတယ်။

အရက်မူးသောင်းကျန်းသူ ခရီးသည်အမျိုးသမီးနဲ့ ခင်ပွန်းဖြစ်သူတို့ လေယာဉ်ပေါ်က ဆွဲခေါ်ခံသွားရချိန်မှာတော့ အခြားခရီးသည်တွေက ဝိုင်းဝန်းသြဘာပေးပြီး နှုတ်ဆက်ခဲ့ကြပါတယ်။ သူတို့ရဲ့ မသင့်တာတွေ ထလုပ်ခဲ့ခြင်းကြောင့် လေယာဉ်လမ်းကြောင်း နှောင့်နှေးခဲ့ရတဲ့အတွက် ဒက်ဘလင်လေဆိပ်မှာ လေယာဉ်ပြောင်းစီးရမယ့် ခရီးသည်တွေ လေယာဉ်လွတ်သွားနိုင်ကြောင်း ခရီးသည်တစ်ဦးက မကျေနပ်စွာ ပြောခဲ့ပါတယ်။

လေယာဉ်က စပိန်နိုင်ငံ Santander မှာ အရေးပေါ်ဆင်းသက်ကာ အရက်မူးသောင်းကျန်းသူခရီးသည်တွေကို ရဲလက်အပ်ပြီး  (၁)နာရီခန့်အကြာမှာ ဒက်ဘလင်ကို ဆက်လက်ပျံသန်းထွက်ခွာခဲ့ကြောင်း သိရပါတယ်။

Ref: The Sun

ပြန်လည်မျှဝေလိုက်ပါ..

Leave a Comment