ပရလောက

ကျွန်တော်နဲ့ အခန်းအမှတ် ၅၃ မှာခြောက်တဲ့ သရဲ (ပြန်လည်မျှဝေခြင်းဖြစ်ပါသည်)

ဒီအကြောင်းကို မပြောခင် သရဲ၊တစ္ဆေရှိတယ်ဆိုတာ မယုံကြည်တဲ့သူတွေအတွက် ဒါကို ဆက်မဖတ်ဖို့ အကြံပြုလိုပါတယ်။ ဆိုလိုတာက သာမန်လက်ခံဖို့ခဲယဉ်းတဲ့ အဖြစ်အပျက်တွေ ဖြစ်ခဲ့တာမို့ ကိုယ်တွေ့မကြုံလို့ မယုံကြည်သူတွေနဲ့ အငြင်းမပွားချင်တာကြောင့်ပါ။

၁။ အကြောင်းအရင်း

သရဲခြောက်ဖို့ဖြစ်လာတဲ့အကြောင်းအရင်းကတော့ ကျွန်တော့်အမျိုးသမီးဆုံးတာက စတယ်လို့ပဲ ဆိုရမှာပေါ့။ သူဆုံးသွားတော့ သူများတွေလို အိပ်မက်ပေးတာမျိုးတွေ၊ အရိပ်အငွေ့ပြတာမျိုးတွေ ဘာမှမရှိတော့ သူများတွေလို မြင်ချင်တွေ့ချင်လာတယ်။ နတ်ဝင်သည် တို့၊ အကြားအမြင်တို့ဆိုတာတွေကလဲ သူများပြောတာကို ယုံရတာမို့ စိတ်မ၀င်စားခဲ့ဘူး။ နောက်ဆုံး ဒီလူ့လောကမှာ မရှိတော့တဲ့သူနဲ့တွေ့နိုင်ဖို့ အခွင့်အရေးက လူတွေမမြင်နိုင်တဲ့ နောက်ထပ်လောကတစ်ခုရှိတယ်ဆိုတာ လက်တွေ့သိရဖို့ပဲ လိုအပ်တယ်ဆိုပြီး နည်းလမ်းတစ်ခုကို ကျွန်တော် စမ်းသပ်ဖို့ ဆုံးဖြတ်လိုက်တယ်။
၂။ သရဲခေါ်နည်း

၈၃ မှာမွေးပြီး အသက် ၃၀ ကျော်အရွယ်လူတစ်ယောက်က သရဲခေါ်နည်းကို လုပ်ဖို့ကြိုးစားခဲ့တယ် ဆိုတာကတော့ ရယ်မယ်ဆိုရင် ရယ်ချင်စရာပါပဲ။ ပရလောကအကြောင်း ရေးတဲ့စာအုပ်တွေနဲ့ သရဲခေါ်ဖူးတယ်ဆိုတဲ့လူတွေကြောင့်သိခဲ့တဲ့ နည်းလမ်းတွေထဲက ကျွန်တော့်အတွက် အဆင်ပြေဆုံး နည်းလမ်းကို ကျွန်တော်သုံးခဲ့တယ်။ သုဿာန် သချိုင်းကုန်းတစ်ခုက ယူလာခဲ့တဲ့ ပစ္စည်းတစ်ခု၊ ချက်ချင်းသတ်နိုင်တဲ့ သက်ရှိသတ္တ၀ါတစ်ကောင်၊ မှန်တစ်ချပ်၊ ငှက်ပျောရွက် တစ်ရွက်၊ ဖယောင်းတိုင်တစ်ချောင်းနဲ့ တိတ်ဆိတ်ငြိမ်သက်တဲ့ အခန်း တစ်ခု ရှိတယ်ဆိုရင် သရဲခေါ်လို့ရနိုင်ပါပြီ။
၃။ သရဲခေါ်ခြင်း

နည်းစနစ်တွေအတိုင်း ကျွန်တော် ငှက်ပျောရွက်ကို ဖြန့်ခင်းလိုက်တယ်။ သုသာန်က ပါလာတဲ့ ပစ္စည်းကိုတင်ပြီး ဖယောင်းတိုင်မီးကို ထွန်းတယ်။ မှန်ကို ခေါ်လာတဲ့သတ္တ၀ါရဲ့ ရှေ့တည့်တည့်မှာချပြီး သူ့မျက်လုံးနဲ့မှန်ကို ကြည့်နေအောင် တည့်တည့်ထားပေးလိုက်တယ်။ အခန်းမီးကို ပိတ်လိုက်တဲ့အချိန်မှာတော့ ကျွန်တော့်အတွက် လုပ်ငန်းစဖို့ အဆင်သင့် ဖြစ်ခဲ့ပါပြီ။ စာရွက်ဖြတ်တဲ့ဓားကို ကိုင်ပြီး ကျွန်တော် နေရာပြန်ယူလိုက်တယ်။ အကောင်ကိုလက်ကကိုင်ပြီး နင့်ခေါင်းကိုငါဖြတ်မယ်။ဒါပေမယ့် နင်မသေဘူး။ နင့်ခေါင်းကိုငါဖြတ်မယ်။ နင်မသေဘူး ဆိုတဲ့စကားကို ကိုယ့်ကိုယ်ကို ယုံလာတဲ့အထိ တတွတ်တွတ်ရွတ်တယ်။ လက်ထဲမှာ တဆတ်ဆတ်ရုန်းကန်နေတဲ့အကောင်ရယ်၊ မှန်ထဲက မြင်နေရတဲ့ သူ့မျက်လုံးရယ်၊ ကိုယ်သူ့ခေါင်းကို ဖြတ်လိုက်လို့ သူမသေဘူးဆိုတာ မဖြစ်နိုင်မှန်းသိနေတဲ့ စိတ်ရယ်နဲ့ ဘယ်လိုမှ ယုံကြည်မှုကလဲ မရနိုင်ဘူး။ အံ့သြစရာက လေလုံနေတဲ့ အခန်းထဲမှာ ဖယောင်းတိုင်မီးက တဖျတ်ဖျတ်လှုပ်နေသလို ကျွန်တော်လဲ မကြာခင်မှာ တစ်ခုခုကိုတွေ့ရတော့မယ်ဆိုတဲ့ ယုံကြည်မှုကို ရလာခဲ့တယ်။ ဘေးပတ်ဝန်းကျင် အရပ် ဆယ်မျက်နှာက ရှိရှိသမျှ မြင်အပ်မမြင်အပ်တွေ လာဖို့အတွက် ကျွန်တော်ဖိတ်တယ်။ အရပ်ဆယ်မျက်နှာမှာ ရှိနေတဲ့…………..လာကြ..လာကြ ဆိုတဲ့ စကားကို တတွတ်တွတ်ပြောနေသလို လက်ထဲကအကောင်ရဲ့ လည်ပင်းကိုလဲ ပြတ်ထွက်သွားတဲ့အထိ ဓားနဲ့ တတိတိဖိလှီးချလိုက်တယ်။ သွေးတွေက လက်ကြားထဲကနေ ငှက်ပျောရွက်၊ ငှက်ပျောရွက်ပေါ်ကနေ ကြမ်းပေါ်ထိ စီးကျလာသလို၊ အခန်းထဲမှာလဲ သွေးညှီနံ့တွေ ထွက်နေတာကို ကျွန်တော်ခံစားမိနေတယ်။ သူတစ်ပါး အသတ်ကို သတ်မိပြီဆိုတဲ့စိတ်နဲ့ မျက်လုံးကို တစ်ချက်မှိတ်ပြီး စဉ်းစားလိုက်တဲ့အချိန်မှာ ဖျတ်ကနဲ ငြိမ်းသွားတဲ့ ဖယောင်းတိုင်မီးနဲ့အတူ လူတစ်ကိုယ်လုံးလဲ ကြက်သီးမွှေးညှင်းတွေ ထောင်ထလာတယ်။ အသက်ကို ပုံမှန်ရအောင် ရှု၊ မျက်လုံးကို တင်းနေအောင်ပိတ်၊ တစ်စုံတစ်ခုကို ကြားရဖို့အတွက် နားနှစ်ဖက်ကို အသားကုန်စွင့်ထားပေါ့။

အခန်းထဲက နာရီသံက တစ်ချက်ချက်မြည်နေသလို ကျွန်တော်လဲ အသက်ကို ဖြေးဖြေးချင်းရှုပြီး ထူးခြားမှု တစ်ခုခုကို စောင့်နေခဲ့တယ်။ တစ်မိနစ်..နှစ်မိနစ်……၇ မိနစ်ကျော်လောက်တဲ့အထိ ဖယောင်းတိုင်မီး ငြိမ်းခဲ့တာကလွဲရင် ဘာမှထူးခြားမှု မရှိလို့ ကျွန်တော် မီးထဖွင့်လိုက်တယ်။ လင်းလက်သွားတဲ့ အခန်းမီးနဲ့အတူ အရိပ်တစ်ခုကို ဖြတ်ကနဲ မြင်လိုက်တဲ့အချိန်မှာတော့ ကျွန်တော်အောင်မြင်ခဲ့တယ် ဆိုတာ ကျွန်တော်သိလိုက်ပါတယ်။
သရဲခြောက်ခံခဲ့ရသော ရက်စွဲများ

(၁) ကိုယ့်ဘာသာကိုယ် သရဲခေါ်နည်းစမ်းသပ်ပြီးတဲ့အချိန်မှာ ညဆို ဘယ်အချိန်များ တစ်ခုခုကြားရ သိရမလဲ ဆိုပြီး လူက တစ်ထိတ်ထိတ်ဖြစ်ပြီး နောက်တစ်နေ့ညမှာ နိုးတစ်ဝက်အိပ်တစ်ဝက်ဖြစ်နေခဲ့တယ်။ ပထမဆုံး စကြုံရတာက တံခါးခေါက်သံ။ ညင်ညင်သာသာနဲ့ တစ်ဒေါက်ဒေါက် ခေါက်တဲ့အသံတော့မဟုတ်ပါဘူး။ အိပ်နေတဲ့လူတစ်ယောက်မပြောနဲ့၊ တစ်ဆောင်လုံးနိုးလောက်အောင် ၀ုန်းဝုန်းဆိုပြီး တံခါးကို ထုတာ။ တစ်ယောက်ယောက် လာနောက်ပြီဆိုပြီး ချက်ချင်းပြေးထ တံခါးကိုဖွင့်ကြည့်တော့ ဘယ်သူမှ မတွေ့ဘူး။ ကိုယ်တွေအဆောင်ဆိုတာ ၈ စက္ကန့်လောက်အတွင်း နောက်ပြီးပြေးပုန်းလို့ရတဲ့ နေရာကလဲ တစ်ခုမှ မရှိတာမို့လို့ စိတ်ထဲမှာ မနေ့ညက အဖြစ်ကိုစဉ်းစားမိပြီး ကြက်သီးတွေ ထလာခဲ့တယ်။

ခြောက်ရင်လဲ အခန်းထဲဝင်ခြောက်ကွာ။ စကားလဲပြောမယ်ကွာ လို့ပြောပြီး အိပ်ရာပေါ် ပြန်အိပ်ချလိုက်တယ်။ မျက်စိမှတ်ပြီး အိပ်ပျော်လုဖြစ်နေတဲ့ ငါးမိနစ်လောက်ကြာတဲ့အချိန်မှာ ကြားလိုက်ရတာက လမ်းလျှောက်သံ။ တစ်စုံတစ်ယောက် လမ်းလျှောက်လာနေတယ်။ ကျွန်တော် ကိုယ့်အံသွားတွေ တင်းတင်းစိပြီး လက်သီးကိုကျစ်နေအောင်ဆုပ်ထားလိုက်တယ်။ စွင့်ထားတဲ့ နားနှစ်ဖက်ကနေ တစ်ယောက်ယောက် လမ်းလျှောက်လာပြီး စားပွဲရှေ့ခုန်ပေါ်မှာ ထိုင်လိုက်တာကို သိလိုက်တယ်။ ခုံရဲ့ရွေ့သွားတဲ့အသံနဲ့အတူ ကိုယ့်ကိုကြည့်နေတယ်ဆိုတဲ့ အသိစိတ်ဖြစ်လာတော့ လူက ချွေးစေးတွေ ပြန်လာပြီ။
ငါ့ကိုလည်ပင်း ထညှစ်မလား၊ လူပေါ်တက်လာမလား ဆိုပြီးတွေးလေ၊ လူက အသက်ရှုမ၀ ဖြစ်လာလေပဲ။ တကယ်လို့ မီးသာဖွင့်ထားရင် ငါကြည့်လိုက်လို့ရသေးတယ်ဆိုပြီး မီးမဖွင့်မိတဲ့ကိုယ့်ကိုယ်ကိုယ်လဲ ကြောက်ရ လန့်ရတဲ့အထဲ အပြစ်တင်မိသေးတယ်။ စိတ်ထဲမှာ တနုံ့နုံ့နဲ့ ကိုယ့်ကိုကြည့်နေတယ်ဆိုတဲ့ အသိစိတ်ကလဲ ရှိနေ၊ ဆက်အိပ်လို့ကလဲ မရတဲ့အဆုံး မျက်လုံးစုံမှတ်ပြီး အိပ်ရာပေါ်က ထလိုက်တယ်။

ငါ့ကို တစ်ယောက်ယောက် လာတိုက်ရင် တွန်းလှဲပစ်မယ်။ ဆင့်ထိုးပစ်မယ်။ တစ်ဆောင်လုံးကြားအောင်လဲ အသားကုန်အော်မယ်ဆိုပြီး စိတ်ကို ရအောင်တင်းပြီး မီးခလုပ်ဆီကိုလျှောက်၊ မီးကို ဖွင့်ချလိုက်တယ်။ ပိတ်ထားတဲ့ မျက်လုံးကို ဟပ်တဲ့မီးရောင်ကြားမှာ ပထမဆုံး စကြည့်မိတာကထိုင်ခုံ။အမြဲတမ်း စားပွဲနဲ့ကပ်ထားနေကျထိုင်ခုံက ကုတင်ဘက်လှည့်နေတာတွေ့လိုက်တော့သေချာသွားတယ်။ဒီကောင်ငါ့ကို တကယ့ကြည့်နေခဲ့တာပဲပေါ့။

ဘေးဘယ်ညာကိုကြည့် အယုတ္တအနတ္တပြော။ငါပြောတာက အေးအေးဆေးဆေးပဲ စကားပြောမယ် ငါ့မိန်းမကိုဘယ်လိုဆက်သွယ်ရမလဲမေးမယ်။ခြောက်ခိုင်းတာမဟုတ်ဘူး သရဲရဲ့

ဆိုပီးလဲ ဗျစ်တောက်ဗျစ်တောက်မျိုးစုံအောင်ပြောတာပေါ့။ခုံကိုသူ့နေရာသူပြန်ထား ။စားပွဲပေါ်ကရေဘူးကိုသောက် အပေါ့အပါးသွားဖို့ရေချိုးခန်းထဲဝင်တဲ့အထိသရဲကိုမျိုးစုံနေအောင်ပြောတာပဲ။

စကားများများပြောလေ ကြောက်စိတ်ကလျော့သွားလေနဲ့ ကိစ္စပီးလို့ ဘိုထိုင်အိမ်သာရေခလုပ်ကိုနှိပ် အခန်းထဲပြန်ဝင်တဲ့အချိန် ကုတင်ပေါ်ကနေခြေထောက်ကုတင်ဘေးချထားပီး ကိုယ့်ကိုကြည့်နေတာက ရေနဲနဲစိုနေပုံရတဲ့အမျိုးသမီးတယောက်။

ဆံပင်အရှည်ရယ် ရေစိုနေတဲ့င်္အကျီရယ် ကိုယ့်ကိုကြည့်နေတဲ့အကြည့်ရယ်ကြောင့်ခြေထောက်ကအလိုလို ရေချိုးခန်း ထဲပြန်ရောက်သွားတယ်။

ဦးနှောက်တွေထူပူနေသလို အာခေါင်ခြောက်နေပီ ဘာလုပ်ရမလဲ ဘာလုပ်ရမလဲ ။စဉ်းစားတယ်။ငါတွေ့ချင်တဲ့သရဲကတွေ့ပီ။ငါဘာဆက်လုပ်ရမလဲဆိုပီး အတွေးမျိုးစုံတွေးပီး နောက်ဆုံးစကားပြောဖို့ဆုံးဖြတ်ချက်ချလိုက်တယ်။

ပါးစပ်ကအသံမထွက်လာတာနဲ့ ချောင်းကိုဟန့် အစ်မ အစ်မနဲ့စမ်းခေါ်ကြည့်တဲ့အချိန် ဘာသံမှတုံ့ပြန်သံမကြားရတော့ အမဘယ်ကလာသလဲကျနော် ခေါ်လို့လာသလားလို့ ဆက်မေးတယ်။ဘာသံမှမကြားရတော့ လူလဲနဲနဲပိုရဲလာပြီ။ရေချိုးခန်းကထွက်ကြည့်တော့ အခန်းတံခါးကဟနေပီး ကုတင်ပေါ်မှာဘယ်သူမှမရှိတော့ဘူး။အခန်းတံခါးကိုပြန်ပိတ် ကုတင်ပေါ်ပြန်အိပ်တဲ့အချိန်မှာလဲ နောက်တခါပြန်လာဦးမလားဆိုတဲ့ စိတ်နဲ့မိုးလင်းခဲ့ပါရော။

တရက်နှစ်ရက်ကြာမှ ပြတင်းပေါက်နားရပ်နေတာ အိပ်နေတုန်းဘေးနားလာတာအခန်းတံခါးဝမှာရိပ်ခနဲတွေ့တာ ထိုင်ခုံရွေ့နေတာကလွဲရင် ထူးခြားမှု မရှိတော့ချိန်မှသိလိုက်ရတာက သူကဘာအစွမ်းသတ္တိမှမရှိတဲ့ မကျွတ်မလွတ်သေးတဲ့မမြင်နိုင်တဲ့ဘုံဘဝက တစုံတယောက်ဆိုတာပါပဲ။ကိုယ်မေးချင်တာလဲမေးမရ သိချင်တာလဲမသိရတဲ့နောက်ဆုံး အာရုံအနောက်မခံနိုင်တော့လိုအဲဒီအခန်းကပြောင်းခဲ့ပါတော့တယ်။

အဲဒီအခန်းကိုပြောင်းလာတဲ့သူဆက်ရှင်းပေါ့လေ။

ဖိုးသူတော် (www.phothutaw.com)
Credit: myo zaw aye

ပြန်လည်မျှဝေလိုက်ပါ..
TaKhon အွန်လိုင်းစာမျက်နှာ တွင်ဖော်ပြထားသော Post များသည် ကိုယ်ပိုင်မဟုတ်ပါ။ အများပြည်သူ ဖတ်ရအဆင်ပြေအောင် ဖေ့ဘွတ်စာမျက်နှာတွင်ပြန့်ကျဲနေသော သတင်းဆောင်းပါးများကို ကူးယူဖော်ပြထားပါသည်။ သို့ဖြစ်သောကြောင့် ကူးယူဖော်ပြခံရသော မီဒီယာများအနေဖြင့် မိမ်တို့၏ content များကု ကူးယူဖော်ပြခြင်းကို ကန့်ကွက်လိုပါက [email protected] ကို အီးမေလ်း ပေးပို့နိုင်ပါသည်။

Leave a Comment